Wireless Router ဘယ်လောက်ဝေးဝေးမိသလဲ

wifi

Wireless Router ဘယ်လောက်ဝေးဝေးမိသလဲ

Wireless မှာ လက်ရှိပြဿနာက Wireless ပစ္စည်းတစ်ခုကို မေးတဲ့အခါ ဒါဘယ်လောက် ဝေးဝေးသွားသလဲ၊ အုတ်နံရံဘယ်နှစ်ချပ် ဖေါက်သလဲ၊ အသုံးပြုသူတွေက သိချင်ကြတာပါ။ ဒါကဖြင့် ဘယ်နှစ်မီတာသွားပါတယ်ပြောလိုက်ပြန်ရင်လည်း သူတို့နေရာက ဘယ်လိုမှန်းမသိ။ နံရံကလဲ ဘယ်လောက်ထူမှန်းမသိ၊ တောင်ကုန်းလား၊ ချိုင့်ဝှမ်းအောက်ထဲလား အဲသည်လို မေးခွန်းတွေ ပြန်မေးပြန်ရတာလည်းအဆင်မပြေ။ တချို့ဆိုရင် built-in 2dbi antenna လေးနဲ့ SOHO router အလွန်ဆုံး output power က 200mili-watt လောက်ပဲထွက်မယ့်ဟာကို မီတာ 500 ပတ်လည်မိတယ်ဆိုပြီး ပြောရောင်းတာတွေလည်းရှိတတ်ပါတယ်။ တချို့ကျ external antenna အကြီးသာ တပ်လိုက်မယ်ဆိုရင် နဂိုထက် signal ပိုကောင်းလာမယ်လို့လည်းထင်တတ်ပါတယ်။ မှန်တယ်လို့ပြောမရသလို မှားတယ်တော့လဲ ဒုံးတိ ပြောလိုက်လို့ မရပြန်ဘူး။ Antenna ရဲ့ dbi ကိုကြည့်ရမယ်။ Wireless Router ဒါမှမဟုတ် Access Point ရဲ့ output power ကိုကြည့်ဖို့လိုဦးမယ်။ လက်ရှိဈေးကွက်ထဲမှာ အသုံးများနေတဲ့ Outdoor Wifi Access Point တွေမှာ များသောအားဖြင့် 600mw ထွက်တဲ့အတွက် Signal အားပြင်းသလို Antenna အကြီးတွေကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ အစပိုင်းကပြောခဲ့တဲ့ ဘယ်လောက်ဝေးဝေးမိသလဲဆိုတာက ဘယ်နေရာမှာဆင်ထားသလဲ ဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပတ်ပတ်လည်မိစေချင်ရင် Omni Antenna ကိုသုံး၊ တခြမ်း သို့မဟုတ် မျက်နှာမူရာ အရပ်တစ်ခုကိုသာ သွားစေချင်တယ်ဆိုရင် Directional Antenna တွေကို သုံးရမှာပေါ့။ Antenna ကြိုး တပ်ဆင်ပုံနဲ့၊ ကြိုးရဲ့ အတိုအရှည်ပေါ်မှာလဲ အနည်းငယ် သက်ရောက်မှု ရှိနေပါသေးတယ်။ Antenna ကြိုးရှည်လေ Signal Loss ဖြစ်နိုင်ချေများလေပဲ။
မော်ကျားမော်၊စိမ်းကျားပြာ၊ပြာကျားစိမ်း၊ညိုကျားညို၊ ဒါမှမဟုတ် ဖြူမော်မော်၊ဖြူစိမ်းပြာ၊ဖြူပြာစိမ်း၊ဖြူညိုညို ကိုယ်သန်သလို ကိုယ်ရွတ်ပြီးမှတ်ထားကြတဲ့ Twisted Pair တွေကနေတဆင့် သုံးနိုင်တဲ့ PoE (Power over Ethernet) ဆိုတဲ့ဟာလေးကြောင့် Outdoor Devices တွေအတွက် ပါဝါပေးဖို့ကို ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ Network ကြိုးပေါ်မှာပဲ power ရော data ပါ တခါထည်း ရောကြိတ်ထည့်လိုက်တဲ့အတွက် မီတာ ၁၀၀ လောက်အတွင်း ပါဝါကို ထောက်ပံ့ပေးနိုင်ပါရဲ့။ တခုရှိတာက 1,3,2,6 ကြိုးတွေမှာ data သွားပြီး 7,8 မှာ power သွားတာမို့လို့ ကြိုးကိုမှားမကိုက်မိဖို့ပါပဲ။ WiFi Devices တွေကို ချိတ်ဆက်ဖို့ရာမှာ အရေးကြီးတာက Line of Sight လို့ဆိုတဲ့ လှမ်းမြင်နေရတဲ့အနေအထား ရှိနေဖို့ပါပဲ။ ( Outdoor တွေမှာဆိုရင်ပေါ့ ) ဟိုဘက်သည်ဘယ် Point to Point ထိုးတော့မယ်ဆိုရင် ကြားထဲမှာ ဘာတွေခံနေမလဲဆိုတာ သတိထားပြီး ရှောင်ရှားဖို့လိုပါမယ်။ သစ်ပင်၊ ရေအိုင်၊ မှန်ချပ် စတာတို့ဟာ မထင်ရပေမယ့် WiFi Signal တွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထဲမှာ ရှေ့ဆုံးကပါဝင်နေတဲ့အတားအဆီးတွေပါ။ Line of Sight တော့ရှိပါရဲ့ Freshnel Zone ကျဉ်းနေရင် လိုသလောက် Signal မရောက်တာမျိုးနဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ Freshnel Zone ဆိုတာက Antenna ကနေ signal စထွက်တဲ့နေရာ အကျယ်အ၀န်းကိုပြောတာဖြစ်ပါတယ်။ သည်ဖက်လည်း ၁၀ ထပ်တိုက်၊ ဟိုဖက်လည်း ၁၀ ထပ်တိုက် ကြားထဲမှာဘာမှလဲမခံဘူး၊ Antenna ကလဲ အားအပြင်းသုံးထားပါရဲ့နဲ့ signal ကထင်သလောက်မကောင်းဘူး။ တချို့က n router(802.11/n) ဆိုပြီး 300mbps မရပါလားပေါ့။ ဘယ်ဟုတ်မလဲ draft n ဖြစ်နေတာကိုး။ သူက 150mbps ပဲရပါတယ်။ 802.11/g ဆိုရင် 54 mbps ရပြီး super 802.11/g mode နဲ့သုံးရင် 108mbps အထိရနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက Internet Connection Sharing သုံးဖို့ပဲဆိုရင်တော့ n router နဲ့ g router က ဘာမှသိပ်ကွာမှာမဟုတ်ပါဘူး။ 802.11/n router ကြီးသုံးလိုက်လို့ အင်တာနက်ကြီးကဖြင့် သိပ်မြန်သွားတယ်ဆိုတာတော့ မကြားဘူးသေးပါဘူး။
802.11/n router တွေကို တကယ်လိုအပ်တဲ့သူတွေက wireless နဲ့ lan ချိတ်ပြီး ဂိမ်းဆော့ချင်တဲ့သူတွေ၊ files & resources sharing လုပ်ချင်တဲ့လူတွေ၊ တနည်းပြောရရင် Wireless Connection ပေါ်မှာ Data မြန်မြန်နဲ့ များများ သွားချင်တဲ့သူတွေအတွက်ပဲ ပိုအသုံးများကြပါတယ်။ Suggession အနေနဲ့ပေးရမယ်ဆိုရင်တော့ Ubiquiti Product တွေဟာဒီဘက်အနေနဲ့ဆို ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Range ဝေးဝေးထိ ပစ်ချင်တဲ့သူတွေအတွက်လည်း 15km လောက်ထိ range ကောင်းတဲ့ Ubiquiti ( Wifi ) Product တွေရှိပါတယ်။

နောက်တစ်ပိုင်းကျရင်တော့ Wireless Standard တွေအကြောင်းတီးမိခေါက်မိထားသမျှတင်ပေးပါ့မယ်။
#NOVA_COMPUTER_TRAINIG

Leave a Reply

Your email address will not be published. Required fields are marked *